USA မှာ အတော်များများသော ကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမယ့် မလွယ်ဘူး ခက်ခဲတယ် ဆိုတာလေ ဒီလိုပဲ သွားရင်းလာရင်း တွေးမိတွေးရာ လူမိုက် ဉာဏ်မီသလောက်တွေးကြည့်တာတော့ –
USA လာတဲ့သူတွေဟာ တစ်ယောက်တည်းရောက်လာတာမျိုး၊ တစ်မိသားစုတည်း ရောက်လာတာမျိုးတွေပါ။ မြန်မာပြည်မှာ ညီအစ်ကိုမောင်နှမအရင်းတွေ တစ်ဝမ်းကွဲတွေ၊ဆွေမျိုး၊ ရပ်ကွက်မိတ်ဆွေ၊ ကျောင်းနေဖက်သူငယ်ချင်း၊ ဆရာ ဆရာမများ စသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ထားခဲ့ရတာဆိုတော့
၁ – ရောက်ရောက်ချင်း ဘယ်သူ့ကိုမှ အရင်ပတ်ဝန်းကျင်လို ခင်လို့မရသေးတော့ အထီးကျန်မယ်
၂ – အရာအားလုံးအတွက် ကိုယ်တိုင်လုပ်မှရတော့တယ် ( အရင်က လုပ်တတ်တဲ့ သူငယ်ချင်း၊ မေးစရာ ဆရာ၊ ခိုင်းစရာတပည့် အားလုံး မြန်မာပြည်မှာ ကျန်ခဲ့လို့ )
၃ – အလုပ်က ပြန်လာရင် hangout လုပ်နေကျ သူငယ်ချင်းတွေကျန်ခဲ့လို့ အထီးကျန်တာ
၄ – အစပိုင်းတော့ နေ့နဲ့ည အချိန်လွဲနေပေမယ့် လွမ်းတာနဲ့ အားနေတာနဲ့ မြန်မာပြည်က သူငယ်ချင်းတွေကို ဖုန်းဆက်စကားပြောဖြစ်သေးတယ်။ နောက်ပိုင်းကျတော့ ကိုယ်အားတော့ သူတို့က အလုပ်ထဲမှာ၊ သူတို့အားတော့ ကိုယ်ကအလုပ်ထဲမှာနဲ့ စကားပြောဖြစ်တာ နည်းလာမယ်။ အထီးကျန်လာမယ်။ အထူးသဖြင့် new year လိုမျိုးဆို ကိုယ်က ဒီမှာအော်မယ် ဖုန်းဆက်မယ်ဆို ဟိုကောင်တွေက မူးပြီးမှောက်နေပြီ။ သူတို့ဖုန်းဆက်တုန်းကလည်း ကိုယ်က အလုပ်ထဲမှာ။
၅ – အစားအသောက်ဆိုလည်း အရင်က လမ်းထိပ်က အသုတ်တို့ မုန့်ဟင်းခါးတို့ ဝမ်းတီးတူးတီး တို့ ဒန်ပေါက်တို့ ဝက်သားတုတ်ထိုးတို့ မာလာမောက်ချိုက် တို့ စားချင်ရင် ကိုယ်တိုင်လုပ်မှ ( သို့မဟုတ် ) တကူးတက သွားဝယ်စားမှ စားရတဲ့ အခြေအနေ ဆိုတော့ ငတ်လာမယ်
အားလုံးခြုံကြည့်ရင် အထီးကျန်ပြီး homesick ဖြစ်ကြတာမျိုးပါ။
၆ – နေမကောင်းဖြစ်ရင် ပိုဆိုးတယ်။ ဆန်ပြုတ်ကအစ ကိုယ်တိုင်ထပြုတ်မှ စားရတဲ့အခါ အတော်များများက အလိုလို မျက်ရည်ဝဲတတ်ကြတယ်
ဆေးရုံဆေးခန်းများတက်ရပြီဆို တစ်ယောက်တည်း ပိုအားငယ်ရလေ့ရှိတယ်
နဂိုကတည်းက တစ်ယောက်တည်း နေတတ်ရုန်းတတ်ခဲ့တဲ့သူတွေက သိပ်မသိသာပေမယ့် မိသားစု သိုက်သိုက်ဝန်းဝန်း မောင်နှမများများ နေခဲ့တဲ့သူတွေဆို အထီးကျန်တာ ပိုသိသာပါတယ်
မယုံမရှိနဲ့ ကိုယ်တွေ့
လူမိုက်ကိုယ်တိုင် ငယ်သူငယ်ချင်းတွေကို စိတ်ထဲက အမြဲလွမ်းပါတယ်
တွေးမိတွေးရာ
လူမိုက်
lumike

Leave a comment