“ကျွန်တော်တို့မှာ ထမင်းစားဖို့ တခြားအလုပ် မရှိကြတာလား၊ ဒီအလုပ်အပြင် တခြား ဘာမှ မလုပ်တတ်ကြတာလား။ ဒီသားလေးကို ကျွန်တော်တို့ ငွေရှာခိုင်းခဲ့ရတယ်။ သားလေးမှာ ကျောက်ကပ် တခု မရှိတော့ဘူး။ ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်ရောင်းခဲ့ရတယ်။ ဈေးတော့ ကောင်းကောင်းရခဲ့ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်နေတဲ့ သူ့အရွယ် သူဌေးသားလေး တယောက်ကို ရောင်းလိုက်ရတာ။ သူဌေးသားလေးတော့ ဘယ်လိုနေသလဲ မသိဘူး။ ကျွန်တော့် သားလေးကတော့ အဲဒီကျောက်ကပ်တခု ထုတ်ရောင်းပြီးကတည်းက ကျန်းမာတယ် မရှိဘူး။ လူကလေးဟာ ဖောသွပ်သွပ် ပွယောင်းယောင်း ဖြစ်နေတယ်။ ဒါပေမယ့် သားလေးဟာ ကျွန်တော်တို့ မိဘများကို အပြစ်မဆို ရှာပါဘူး။ ရောင်းတုန်းကလည်း သူကိုယ်တိုင် လိုလိုချင်ချင်ပါ။ သူ့အတွက် သုံးလေးနှစ်စာ ကျောင်းစရိတ်ရအောင်ဆိုပြီး ရောင်းခဲ့ကြတာ။ ပညာတတ်မှပဲ ဒီ အောက်တန်းစားဘဝက လွတ်မယ် မဟုတ်လား။ ကျောက်ကပ်တခု ထုတ်လိုက်တဲ့အတွက် ဘာမှ ထူးခြား မသွားနိုင်ဘူးလို့လည်း အားလုံးက ပြောခဲ့ကြတယ်လေ။ ပြီးတော့ ဒီလိုပဲ ကျောက်ကပ်တခုတည်းနဲ့ နေနေကြတဲ့ ကလေးတွေ၊ လူကြီးတွေ ကျွန်တော်တို့ ရပ်ကွက်မှာ နည်းတာ မှတ်လို့။ တကယ်တော့ ကျွန်တော်တို့ ရပ်ကွက်မှာ အင်္ဂါစုံတဲ့ လူဆိုတာ မရှိသလောက်ပါပဲဗျာ။ ကျွန်တော်တို့ဟာ မြို့က သူဌေးတွေအတွက် ခန္ဓာကိုယ် အပိုပစ္စည်းတွေအဖြစ် မွေးဖွားလာခဲ့ ကြသလိုပဲ။”
အထက်ပါစာပိုဒ်တွေကတော့ ၁၉၉၁ ခုနှစ်၊ နိုဝင်ဘာလထုတ် မဟေသီမဂ္ဂဇင်းမှာ စာရေးဆရာ ဖေမြင့်ရေးသားခဲ့တဲ့ “လူသုံးကုန်ပစ္စည်း ရောင်းသူများ” ဆိုတဲ့ ဝတ္တုတိုထဲက စာပိုဒ်အချို့ဖြစ်ပါတယ်။ ဝတ္တုရေးသူကတော့ အဲဒီအချိန်က ဖန်ပြွန်သန္ဓေသားပြုလုပ်နိုင်မှု သတင်းအပေါ်မူတည်ပြီး အတွေးနယ်ချဲ့ခဲ့သလား မဆိုနိုင်ပေမယ့် ဒီဝတ္တုတိုသက်တမ်း နှစ် ၃၀ ကျော်သွားတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ ကလေးရောင်းတဲ့ကိစ္စ ပေါ်ပေါ်ထင်ထင် ဖြစ်လာတာ တွေ့ရပါတယ်။ ပေါ်ပေါ်ထင်ထင်လို့ပြောရတာက ကိုယ်မွေးထားတဲ့ကလေးကို မြန်မာငွေ သိန်း ၂၀ နဲ့ ရောင်းစားလိုတဲ့အကြောင်းကို မီဒီယာမှာ အင်တာဗျူးဖြေတဲ့အထိ လုပ်ကြလို့ပါ။ ကလေးရောင်းဖို့ ကြံရွယ်တဲ့ မိခင်ဖြစ်သူက ကလေးရောင်းလို့ ငွေ သိန်း ၂၀ ရရင် တဝက်ကို ရင်းနှီးစားပြီး တဝက်ကို အကြွေးဆပ်မယ်လို့လည်း ဆိုပါတယ်။ “ကလေးဝယ်လိုက်တဲ့သူက တခုခုလုပ်လိုက်မှာ မပူဘူးလား” ဆိုတော့ မိခင်ဖြစ်သူက သူ့နောက်ကွယ်မှာ ဖြစ်တာမလို့ သူ့အနေနဲ့ မတတ်နိုင်ကြောင်း ပြောပါသေးတယ်။ လူမှုမီဒီယာပေါ်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ဆဲဆိုသံတွေ စီညံခဲ့ပါတယ်။ ကိုယ်လက်အင်္ဂါပကတိအကောင်းအတိုင်းရှိသူ မိဘနှစ်ပါးက ကလေးရောင်းစားတယ်ဆိုတာ အတော်သိမ်ဖျဥ်းတဲ့အလုပ်ဆိုပြီးလည်း ဝေဖန်ကြပါတယ်။ အခြားတဖက်မှာလည်း ဒီကိစ္စဟာ တော်လှန်ရေးသတင်းတွေ ဖုံးကွယ်ဖို့ ဖန်တီးလိုက်တဲ့ ဇာတ်လမ်းလို့လည်း ပြောဆိုသူတွေ ရှိပါတယ်။
ဘယ်လိုပဲဆိုဆို ဖေမြင့်ရဲ့ ဝတ္တုထဲကလို လူသုံးကုန်ပစ္စည်းရောင်းသူတွေ မြန်မာပြည်မှာ တကယ်ရှိလာပြီလား၊ ဒါမှမဟုတ် အရင်ကတည်းက ရှိနေတာကို အခုမှ သိကြတာလား။ အရွယ်မရောက်သေးတဲ့ သားသမီးတွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လက်ဖက်ရည်ဆိုင်တွေဆီပို့ပြီး အချိန်တန်ရင် သားသမီးရတဲ့လစာ လာထုတ်သွားတာမျိုးကိုကျတော့ရော ဘယ်လိုခေါင်းစဥ်တပ်ကြမလဲ။ လမ်းဘေးမှာ သူဖုန်းစားလုပ်ခိုင်းပြီး ကလေးတွေ တောင်းလို့ရလာတဲ့ငွေကို ခေါင်းပုံဖြတ်ယူနေကြတာတွေကိုလည်း ဘယ်လိုလုပ်ကြမလဲ။ ဒါတွေအားလုံးဟာ ဆင်းရဲမွဲတေမှုရဲ့ အကျိုးဆက်လို့တော့ ယေဘုယျအားဖြင့် ကောက်ချက်ချရမယ်ထင်ပါတယ်။
တကယ်တော့ တရားမဝင် ကျောက်ကပ်ရောင်းတာတို့၊ မျက်ကြည်လွှာရောင်းတာတို့ဟာ ကမ္ဘာမှာ ဈေးကွက်တခုအနေနဲ့ ဖြစ်နေတာ နှစ်အတန်ကြာနေပါပြီ။ ၂၀၁၅ ခုနှစ်လောက်တုန်းက လူ့ခန္ဓာကိုယ်တွင်းကလီစာတွေကို တရားမဝင်အရောင်းအဝယ်လုပ်နေတဲ့ ဝုဖ်မန်းအမည်ရှိ လူတယောက်ကို တူရကီနိုင်ငံ၊ အစ်ဆတန်ဘူလ်မြို့မှာ ဖမ်းဆီးရမိခဲ့ဖူးပါတယ်။ သူဟာ ဆီးရီးယားစစ်ပြေးဒုက္ခသည်တွေကို ဆက်သွယ်ပြီး ကိုယ်တွင်းကလီစာ ရောင်းချင်သူတွေအတွက် ပွဲစားလုပ်ပေးသူဖြစ်ပါတယ်။ တကယ်လို့ အရောင်းအဝယ်ဖြစ်ခဲ့ရင် ကိုယ်တွင်းကလီစာခွဲထုတ်ဖို့အတွက် တရားမဝင်ဆေးရုံဆေးခန်းတွေကို ပို့ပါတယ်။ တကယ်တော့ သူ့လို လူ့ကိုယ်တွင်းကလီစာ အထူးသဖြင့် ကျောက်ကပ် အရောင်းအဝယ် တရားမဝင် လုပ်ကိုင်သူတွေဟာ ကမ္ဘာမှာ အုပ်စုလိုက်ရှိနေတာလို့ ဆိုပါကြတယ်။ သူတို့ရဲ့ ဦးတည်သားကောင်ကတော့ စစ်ပြေးဒုက္ခသည်တွေနဲ့ စီးပွားရေးမတည်ငြိမ်တဲ့နိုင်ငံတွေကနေ အခြားနိုင်ငံတခုခုကို ပြောင်းရွှေ့လာသူတွေ ဖြစ်ပါတယ်။ ဥပမာ ယူကရိန်းတို့ ရိုမေးနီးယားတို့လို နိုင်ငံကနေ အစ္စရေးမှာ အခြေချဖို့ ပြောင်းလာပြီး အကူအညီလိုအပ်နေသူတွေကို ချဥ်းကပ်ကာ အဲဒီနိုင်ငံမှာ နေထိုင်ခွင့်ရအောင်၊ နိုင်ငံသားဖြစ်ခွင့်ရအောင် ကူညီပေးမယ်၊ ဒါပေမယ့် ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေသူတွေအတွက် ကျောက်ကပ်တခြမ်းတော့ ရောင်းပေးရမယ် ဆိုတာမျိုးနဲ့ ဆွဲဆောင်ကြပါတယ်။ ဒါပေမယ့် အစ္စရေးမှာ ကျောက်ကပ်အရောင်းအဝယ်ပွဲစားလုပ်တာဟာ ပြစ်မှုမြောက်တဲ့အကြောင်း ဥပဒေပြဌာန်းလိုက်တော့ ဝုဖ်မန်းဟာ တူရကီနိုင်ငံမှာရှိတဲ့ ဆီရီးယားဒုက္ခသည်တွေဘက်ကို မြားဦးလှည့်ခဲ့ပြီး အဲဒီမှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဖကန်နစ္စတန်နိုင်ငံရဲ့ မြို့တခုဖြစ်တဲ့ ဟီရက်မြို့ရဲ့ မြို့စွန်က စစ်ရှောင်ရွာတရွာကို “ကျောက်ကပ်တလုံးရွာ” လို့ နာမည်ပြောင်ခေါ်ကြတဲ့အထိ အဲဒီကလူတွေဟာ သူတို့မိသားစု ရှင်သန်ရပ်တည်ရေးအတွက် ကျောက်ကပ်ထုတ်ရောင်းကြပါတယ်။ အလုပ်အကိုင်ရှားပါးမှု၊ အကြွေးနွံနစ်မှု၊ ကလေးတွေ အာဟာရအတွက် ရုန်းကန်ရမှုတွေဟာ ကျောက်ကပ်ထုတ်ရောင်းဖြစ်အောင် တွန်းအားဖြစ်စေခဲ့ပါတယ်။ အဲဒီရွာမှာနေပြီး ကျောက်ကပ်ထုတ်ရောင်းထားတဲ့ လူတယောက်ကတော့ “ကျွန်တော့်ကလေးတွေအတွက် ဒီကျောက်ကပ်ထုတ်ရောင်းပြီး ပိုက်ဆံရှာတာကလွဲလို့ တခြားရွေးချယ်စရာ နည်းလမ်းမရှိခဲ့ဘူး၊ ဒါပေမယ့် အခုတော့ နောင်တအကြီးကြီးရနေပြီ။ ကျောက်ကပ်ရောင်းပြီးနောက်ပိုင်း အလုပ်လုပ်လို့ မရတော့ဘူး၊ အမြဲနာနေပြီး အလေးအပင်တွေ မ လို့မရတော့ဘူး” လို့ ပြောခဲ့ဖူးပါတယ်။ နောက်ပြီး “အခုတော့ သူတို့မိသားစုဟာ ဖိနပ်တိုက်တဲ့အလုပ်လုပ်နေတဲ့ ၁၂ အရွယ် သားဖြစ်သူရဲ့ ဝင်ငွေအပေါ် မှီခိုနေရတယ်” လို့ ဆိုပါတယ်။
ဒီထက်ဆိုးရွားတဲ့ကိစ္စကတော့ ကလေးရောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အာဖကန်နစ္စတန်မှာ အတင်းအကျပ်လက်ထပ်ထိမ်းမြားစေတဲ့ကိစ္စတွေဟာ ရှိနေဆဲဖြစ်ပါတယ်။ အဓိကကတော့ အရွယ်မရောက်သေးတဲ့ သမီးမိန်းကလေးတွေကို ငွေကြေးတတ်နိုင်သူတွေဆီ သတို့သမီးအဖြစ် ရောင်းချထားပြီး ကလေးအသက် ၁၅ နှစ်၊ ၁၆ နှစ်လောက် ရောက်တဲ့အခါမှာ ဝယ်ယူထားသူဆီ ပို့ဆောင်ရတာဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်တဲ့ ယူနီဆက်အဖွဲ့အဆိုအရ အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်ကြားရှိ အာဖကန်အမျိုးသမီးတွေရဲ့ ၂၈ ရာခိုင်နှုန်းဟာ သူတို့အသက် ၁၈ နှစ်မပြည့်ခင်မှာ အိမ်ထောင်ပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် သားယောက်ျားလေးတွေကို ရောင်းစားတဲ့ အဖြစ်အပျက်တွေလည်းရှိပေမယ့် ဝယ်ယူတာတော့ နည်းပြီး ယောကျ်ားလေးလိုချင်တဲ့ မိသားစုက မွေးစားဖို့နဲ့ အလုပ်လုပ်ခိုင်းဖို့ ဝယ်ယူကြတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ကလေးရောင်းစားရတဲ့အထိ ဖြစ်စေတဲ့ လက်သည်တရားခံကတော့ ဆင်းရဲမွဲတေမှုဖြစ်ပါတယ်။ စစ်ပွဲတွေကြားမှာ နလန်မထူတဲ့ ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုဒဏ်ကို အလူးအလဲခံစားကြရတာပါပဲ။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးဟာ “ရိုလာကိုစတာ စီးနေရသလိုပဲ” ဆိုပြီး အယ်ဂျားဇီးယားသတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာ ခေါင်းစဥ်တပ် ဖော်ပြခဲ့ဖူးပါတယ်။ သာမာန်ကြည့်လိုက်ရင်တော့ စစ်ငွေ့ကင်းတဲ့ မြို့ပြတွေမှာ သာယာဖွယ်အတိလို့ ထင်ရပေမယ့် မြန်မာ့စားနပ်ရိက္ခာကို အဓိကဖြည့်တင်းပေးနေတဲ့ နယ်ဘက်ကျေးလက်တွေဟာ စစ်ဘေးကြောင့် ပြာကျကုန်ကြတာရှိသလို စစ်ရှောင်နေရတာကြောင့် ထွန်ယက်စိုက်ပျိုးဖို့ အခွင့်မရကြတာတွေလည်း အမြောက်အများရှိလာပါပြီ။ ဒါဟာ အင်မတန်သတိထားရမယ့် နောင်ရေးကိစ္စဖြစ်ပါတယ်။ အခုဆိုရင် ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်လာတာကိုလည်း လူတိုင်းကြုံတွေ့ခံစားနေရပါပြီ။ ဒီအတိုင်းဆက်သွားနေရင် မြန်မာနိုင်ငံက လူတွေလည်း အာဖကန်နစ္စတန်နဲ့ ဆီးရီယားကလူတွေလို လူသုံးကုန်ပစ္စည်းရောင်းသူတွေ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အာဏာရှင်တစုသာ ကွက်ကွက်လေးချမ်းသာနေမယ့်အရေးကို မျက်ကွယ်ပြုထားရင် တိုင်းပြည်ရဲ့ ဆင်းရဲတွင်း နက်သည်ထက်နက်လာတဲ့အခါ ကိုယ်တိုင်ကျွံဝင်သွားနိုင်တယ် ဆိုတာဟာလည်း သတိချပ်စရာဖြစ်ပါတယ်။
သစ္စာတည်
ကိုးကား
- Nancy Scheper-Hughes (2016), Organ Trafficking During Times of War and Political Conflict
- The Associated Press (2021), Parents selling children shows desperation in Afghanistan
- Ángel Sastre (2022), Selling a child for food: ‘Several suitors showed up and I tried to choose the youngest’
- Bilal Güler, Sayed Khodaiberdi Sadat (2022), Afghans forced to sell organs amid poverty, starvation
- Al Jazeera (2022), Desperate Afghans sell kidneys amid poverty, starvation
အတွဲ(၂) ၊ အမှတ်စဉ် (၂၂) တွင်ဖော်ပြထားသောဆောင်းပါးကဏ္ဍဖြစ်ပါသည်။
Myitkwae

Leave a comment